International News

ခရိုအေးရှားနိုင်ငံက ယူရိုငွေကြေးစတင်အသုံးပြုရန် စီစဉ်ဆောင်ရွက်

Last Updated:

ခရိုအေးရှားနိုင်ငံသည် အီးယူအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ယူရိုငွေကြေးအသုံးပြုမှုကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုရန် အီးယူဘဏ္ဍာရေး ဝန်ကြီးများက ဇူလိုင် ၁၂ ရက်နေ့က ဆုံးဖြတ်ခွင့်ပြုလိုက်ပါသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် European Central Bank (ECB) စီမံဆောင်ရွက်မှု ဖြင့် ယူရိုငွေကြေးအသုံးပြုနေသည့် နိုင်ငံ (၁၉) နိုင်ငံရှိပြီး ခရိုအေးရှားနိုင်ငံက (၂၀) ခုမြောက်နိုင်ငံ ဖြစ်လာပါသည်။ မူလနိုင်ငံသုံးငွေကြေးမှာ Kuna ဖြစ်ပြီး ငွေလဲလှယ်နှုန်းမှာ ၁ယူရိုလျှင် ၇.၅၃၄၅  kunas ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ယူရိုနှင့် အမေရိကန်ဒေါ်လာငွေကြေး ညီမျှမှုအခြေအနေတစ်ခုသို့ ရောက်ရှိလာခြင်း၊ ယူရိုဇုန်ငွေကြေးဖောင်းပွမှု မြင့်မားခြင်း နှင့် လူနေမှုစရိတ်ကြီးမြင့်လာခြင်း၊ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေခြင်းတို့က ခရိုအေးရှားနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေနိုင်သော်လည်း ယူရိုငွေကြေးစနစ် ပြောင်းလဲသုံးစွဲမည့်အစီအစဉ်အတွက် ကျေနပ်အားရမှုရှိကြောင်း ခရိုအေးရှားဘဏ္ဍာရေးဝန်ကြီး Mr. Zdravko Maric က ပြော ကြားခဲ့ပါသည်။ ECB ဥက္ကဌ Ms. Christine Lagarde ကလည်း ယူရိုငွေကြေးစတင်သုံးစွဲမှုအတွက် ကြိုဆိုပြီး စောင့်ထိန်းရမည့် ကတိကဝတ်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပြီး ယူရိုဇုန်အနေနှင့် ခရိုအေးရှားကို များစွာမျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက်  ယူရိုငွေကြေးသုံးစွဲမှုသို့ လစ်သူရေးနီးယားနိုင်ငံက ၂၀၁၅ ခုနှစ်တွင် ပြောင်းလဲကျင့်သုံးခဲ့ပြီးနောက်ပိုင်း ယခု ခရိုအေး ရှားနိုင်ငံက ယူရိုဇုန်သို့ ထပ်မံဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ဘူဂေးရီးယားနိုင်ငံသည်လည်း ယူရိုဇုန်သို့ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဝင်ရောက်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ယူရိုငွေကြေးသို့ ပြောင်းလဲသုံးစွဲမည့်အစီအစဉ်အတွက် ခရိုအေးရှားနိုင်ငံသားများအနက် လက်ခံသုံးစွဲချင်ကြသူများ ရှိသကဲ့သို့ လက်ရှိ ငွေကြေးဖောင်းပွမှုအခြေအနေတွင် ဈေးနှုန်းများ မြင့်တက်လာနိုင်မှုအတွက် စိုးရိမ်မှုများလည်း ရှိနေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/croatia-gets-final-approval-to-adopt-euro-in-2023/a-62446642

 

Category: International News